အခန်း (၈)
”အရပ်ကူကာ လူဝိုင်းပေမယ့် …“
ကျွန်ုပ်နှင့်
ဦးကိုကိုကြီးသည် အင်းစိန်စီအိုင်ဒီဝင်းရှိ ကာကာလက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ
လမ်းမဘက်ကို မျက်နှာမူ၍ ဥပဒဟို သွားလာနေကျသော လမ်းသွားလမ်းလာများကို
ငေးမောလျက်ရှိ၏။ ထိုအချိန်တွင်ပင် စားပွဲထိုးကလေးသည် ကျွန်ုပ်တို့
အစောပိုင်းက မှာထားသည့် တိုရှည်ပူပူနွေးနွေးကို သီးစုံကုလားပဲဟင်းနှင့်
တွဲကာ ဗန်းကလေးနှင့် ထည့်၍ လာရောက်ချပေးလေ၏။ ကျွန်ုပ်တို့ နှစ်ဦးသည်
နေ့လည်စာ စားပြီးပြီ ဖြစ်သော်လဲ အချိန်အနည်းငယ် ကြာနေပြီ ဖြစ်သည့်အပြင်
အငွေ့တထောင်းထောင်း ထနေသည့် ကုလားပဲဟင်းကို မြင်လိုက်သည်တွင်
မနေနိုင်တော့ပဲ တိုရှည်ကို ဖဲ့ကာ ပဲဟင်းနှင့် တို့ရင်း အားရပါးရ
စားမိလေတော့၏။ ကာကာကုလားက ပဲဟင်းကို မည်သို့ချက်ထားသည် မသိ ၊ ၎င်း၏ ပဲဟင်းသည်
ဗန်းထဲတွင်ပါသည့် ငရုတ်သီးအစိမ်းတောင့်များကို ကိုက်မစားသည့်တိုင် အတော်ပင်
စပ်လှပေ၏။ သို့သော် အရသာကမူ လွန်စွာမှရှိလှသည်ဖြစ်ရာ ကျွန်ုပ်တို့သည်
မလျော့သော ဇွဲလုံ့လနှင့် တိုရှည်နှင့် ပဲဟင်းကို တို့လိုက် ၊ ရေနွေးပူပူလေး
မှုတ်သောက်လိုက်နှင့် နဖူးချွေးများစို့လာသည် အထိ မြိုင်ရည်ယှက်ရည်ပင်
လွေးနေကြ၏။ ကျွန်ုပ်သည် နောက်ဆုံးလက်ကျန် ကျန်နေသည့် တိုရှည်ဖတ်လေးကို
ဆားနှင့်တို့ သီးစုံကုလားဟင်းထဲနှစ်ကာ စိမ်လိုက်ရင်း ..
“ဦးကိုကိုကြီး
.. ဒီကာကာဆိုင်က တိုရှည်က ကောင်းတော့ကောင်းတယ် စပ်တော့လဲအတော်လေးစပ်တာဗျ ..
“ ဟု စကားစမိလေရာ ဦးကိုကိုကြီးသည် ကျွန်ုပ်ထက်ဦးအောင် ပြီးသွားပြီမို့
လက်သုတ်ပုဝါနှင့် လက်သုတ်နေရာမှ ..
“ဟုတ်တယ်ဗျ .. သူ့ဟာက ဒီလိုမျိုး
ဆောင်းတွင်းဘက်နဲ့တော့… အတည့်ပေါ့ဗျာ … ဒါနဲ့ ကိုအောင်သိန်းပြောလို့
ကျုပ်သတိရမိတဲ့ စကားလေး တစ်ခွန်း ရှိတယ်ဗျ …. ကျုပ်တို့ ရပ်ကွက်ထဲမှာ
ကာလသားတွေ နောက်ပြောင်ပြောနေတဲ့ စကားဗျ .. ဘာတဲ့ ကောင်းတော့ကောင်းတယ်
မျက်စိစပ်တယ် ဆိုတာလေ .. ကိုအောင်သိန်း ကြားဖူးလားတော့ မသိဘူး …အဲဒါက
ဒီလိုတိုရှည်စားတာကို ပြောတာလား မသိဘူးဗျ .. “ ဟု အဆုံးမရှိ အစမရှိဆိုလေရာ
ကျွန်ုပ်လဲ သူ၏စကားတွင် တွေဝေသွားမိ၏။ ဦးကိုကိုကြီး၏ အမေးကို
ဘယ်လိုဖြေရမှန်း မသိပဲ စဉ်းစားနေစဉ်မှာပင် ..
“ဒါက ဒီလိုရှိတယ်ဗျ ..
အိုင်ပီကြီးရ ..“ ဟု သံလိုက်ဓါတ်ကဲ့သို့ ဆွဲဆောင်မှု ရှိသည့် လွန်စွာမှ
အောင်မြင်လှသည့် အသံကို ကြားလိုက်ရလေသည်။ အတော်နွမ်းကြေနေပြီ ဖြစ်သည့်
သက္ကလပ်ကုတ်အင်္ကျီကို ခြုံကာထားသည့် လူတစ်ယောက်သည် ကျွန်ုပ်တို့ ထိုင်နေသည့်
စားပွဲ၌ ၀င်ရောက်ထိုင်လေ၏။ ထိုသူကား တခြားသူမဟုတ်။ မော်လမြိုင်ကို
ဦးဘမျိုး အသတ်ခံရမှုနှင့် စုံစမ်းရန် ထွက်သွားသည့် မိတ်ဆွေကြီး
ကိုမင်းမောင်ပင် ဖြစ်တော့သည်။ ဆားပုလင်းမင်းမောင်သည် ၎င်း၏ ကုတ်အင်္ကျီထဲမှ
ရေခဲတောင် ဂလေစီယာစီးကရက် တစ်လိပ်ကိုထုတ်ကာ မီးရှိုက်ဖွာရင်း …
“ကျုပ်တို့
မြန်မာလူမျိုးဟာ စကားပြောရင် ပုံတိုပုံစလေးတွေ စကားပုံလေးတွေ
ထည့်ပြောတာကို အင်မတန်မှ နှစ်ခြိုက်တဲ့ လူမျိုးဗျ .. စကားတောင်စားရဲ့
အမျိုးအနွယ်က ဆင်းသက်လာကျတာဆိုတော့ ဒီလိုပြောနေတာကလဲ အကျင့်တစ်ခု
ဖြစ်နေကြတယ်လေ… အခု ဦးကိုကိုကြီး ပြောတဲ့ စကားကလဲ တကယ်တမ်းကျတော့
လိင်ကိစ္စကို အခြေခံထားတဲ့ ပုံပြင်လေးကနေ ဆင်းသက်လာတာ အိုင်ပီရဲ့ ..
ပြောရရင် ရပ်ကွက်ထဲမှာပဲဖြစ်ဖြစ် တောရွာတွေမှာပဲ ဖြစ်ဖြစ် ရှိလေ့ရှိတဲ့
ကာလသသားဝိုင်းကနေ ထွက်လာတဲ့ စကားလို့ ဆိုရမှာပဲဗျ .. “ ဟု ဆိုလေရာ
ကျွန်ုပ်တို့မှာ မိမိတို့ မသိသည့် အကြောင်းအရာ ဖြစ်သည့် အလျောက် များစွာ
စိတ်ဝင်စားမိလေ၏။ ထို့နောက် ဆားပုလင်းမင်းမောင်သည် မီးရဲနေသည့် စီးကရက်ကို
နောက်ထပ် တစ်ဖွာမျှ ရှိုက်လိုက်ရင်း ..
“ဒီစကားရဲ့ ပုံပြင်လေးက ဒီလိုဗျ
.. တစ်ခါတုန်းက တောအုပ်တစ်အုပ်ရဲ့  အလယ်မှာ ရေအိုင်ကြီး
တစ်အိုင်ရှိတယ်တဲ့.. အဲဒီရေအိုင်ရဲ့  ဘေးမှာ အရိပ်အာဝါသကောင်းတဲ့
သစ်ပင်ကြီး တစ်ပင် ရှိသတဲ့ဗျာ.. ဒီသစ်ပင်ပေါ်မှာက တစ်နေ့တစ်နေ့
ဘာအလုပ်မှမလုပ်ပဲ ရေအိုင်ကို ရေသောက်ဆင်းကျတဲ့ တိရစ္ဆာန်တွေကိုပဲ
လိုက်ကြည့်ကြည့်နေတတ်တဲ့ မျေက်တစ်ကောင်ရှိတယ်ဆိုပဲ .. “ ဟု ဆိုလေရာ
ဦးကိုကိုကြီးက ..
“အိုင်ဆေး ..ကိုမင်းမောင် .. ခင်ဗျား ပုံပြင်က
ကျုပ်တို့ကိုပဲ စောင်းပြောနေတာလားဗျ … ကာကာဆိုင်မှာတော့ ကျုပ်တို့
တစ်ချိန်လုံး မထိုင်ပါဘူးနော် .. ရုံးခန်းထဲမှာ ထိုင်ပြီး ငိုက်တဲ့
အချိန်ရှိပါသေးတယ်ဗျ .. ခင်ဗျား မသိလို့ပါ …ဟီး … ဟီး … ဟီး .. “ ဆိုကာ
ရယ်၍ ပြောလေရာ အင်မတန်မှ အိနြေ္ဒကြီးသည့် ကိုမင်းမောင်ပင် ပြုံးမိသွား၏။
ခဏနေမှ ကိုမင်းမောင်သည် သူ့စကားကိုဆက်ကာ ..
“အဲဒီရေအိုင်ကို အမြဲတမ်း
ရေသောက်လာဆင်းတဲ့ အထဲမှာ ဆင်မတစ်ကောင်ပါတယ်ဗျ .. ဖြစ်ချင်တော့ အဲဒီဆင်မဟာ
ရေသောက်ဆင်းတဲ့အခါမှာ ဒီမျောက်ရှိတဲ့ အပင်ဘက်ကိုလှည့်ပြီး ဖင်ကြီးကုန်း
အမြီးမြောက်ပြီး ရေသောက်လေ့ရှိတယ်တဲ့.. ဒါကတော့ ပုံပြင်လို့ပဲ
သဘောထားပေါ့ဗျာ .. တကယ်တမ်းတော့ ဆင်တွေ ရေသောက်ဆင်းတာ အဲဒီလို မဟုတ်ပါဘူး
…ဒါက အရေးမကြီးတော့ ထားလိုက်ပါတော့ … အဲဒီလို ဆင်မက ရေသောက်ဆင်းတဲ့
အခါတိုင်းမှာ . .. သစ်ပင်ပေါ်က မျောက်ဟာ ဆင်မရဲ့ စောက်ပတ်ကြီးကို မြင်ပြီး
လိုးချင်လာမိတယ်ဗျ .. လီးထောင်လာတယ် ဆိုပါတော့ဗျာ .. ဒီဟာကြီးကို
တွယ်လိုက်ရရင်တော့ ဆွေမျိုးမေ့ကွာဆိုပြီး သူ့မှာ နေ့တိုင်းသွားရည်
တမြားမြားကျနေရရှာတယ် .. ဒီလိုနဲ့ တစ်နေ့ကျတော့ မနေနိုင်တော့တဲ့ မျောက်က
ဆင်မ ရေသောက်ဆင်းလာတဲ့ အချိန်မှာ … အရဲစွန့်ပြီး နင့် စောက်ပတ်ကို
ငါတစ်ခါလောက် လိုးပါရစေဆိုပြီး ခွင့်တောင်းသတဲ့ .. “ ဟု ဆိုကာ စကားစကို
ဖြတ်၍ ငှဲ့ထားသည့် ရေနွေးကို ယူကာ သောက်လေ၏။ ကျွန်ုပ်နှင့် ဦးကိုကိုကြီးလဲ
ကောင်းခန်းရောက်နေပြီမို့ သေးပေါက်ချင်နေသော်လဲ အောင့်ကာထားရသည့်
ရုပ်ရှင်ကြည့် ပရိတ်သတ်လို ကိုမင်းမောင် ရေနွေးသောက်သည့် အချိန်လေးကိုပင်
ဆတ်တငဲ့ငဲ့နှင် စောင့်စားနေရလေ၏။ ကိုမင်းမောင်သည် ရေနွေးသောက်ပြီးနောက် ..
“ဆင်မက
မျောက်ရဲ့ စကားကို ကြားတော့ .. ဒီလောက်တောင် ဖြစ်လှတဲ့ မျောက် .. လာဟယ် ..
နင် လုပ်ချင်တာလုပ်ရစေမယ်ဆိုပြီး .. မျောက်ကို နှာမောင်းနဲ့ ကိုင်ပြီး ..
သူ့စောက်ပတ်နဲ့ တေ့ပြီး ဆောင့်တော့တာပဲ … ဒါပေမယ့် အရွယ်အစားချင်းက
ကွာလှတဲ့အတွက် .. မျောက်ဟာ သူ့လီးတင်မကဘူး .. မျက်နှာကပါ ဆောင့်လိုက်တိုင်း
…စောက်ပတ်ထဲ နစ်နစ်ဝင်သွားတဲ့ … တော်တော်လေးကြာမှ ဆင်မက .. မျောက်ကို
နှာမောင်းနဲ့ ကိုင်ထားရာမှ ဖြေပြီး သူ့ရှေ့က မြေကြီးပေါ် ချပေးလိုက်တယ် ..
ပြီးတော့ .. ဖတ်ဖတ်မောနေတဲ့ မျောက်ကို ကြည့်ပြီး .. ဘယ်လိုလဲ တော်တော်မှ
ကောင်းရဲ့လားလို့ .. မေးတဲ့အခါမှာ … မျောက်က အသံယဲ့ယဲ့လေးနဲ့ …
ကောင်းတော့ကောင်းတယ် .. ဒါပေမယ့် မျက်စိစပ်တယ်ဟယ် .. လို့ ဖြေရှာတယ်တဲ့ ..
အဲဒီကနေ မျောက်ပြောတဲ့ စကားက တွင်သွားတာပဲဗျာ .. “ ဟု စပ်ဖြီးဖြီး
မျက်နှာပေးနှင့် ဆိုလေရာ ကျွန်ုပ်တို့ နှစ်ဦးသည် ဘယ်လိုမှ မနေနိုင်တော့ပဲ
ခွက်ထိုးခွက်လန် တဟားဟား ရယ်မိကြလေ၏။ ရယ်နေရင်းမှလဲ ဤမျှလောက်
ပေါက်ပေါက်ရှာရှာ ကိစ္စများအထိ နှံ့စပ်သိမြင်လှသည့် ကိုမင်းမောင်၏
ဗဟုသုတကိုလဲ စိတ်ထဲမှ ကျိတ်ကာ ဆလံပြရလေ၏။
ထိုအချိန်၌ပင်
ကျွန်ုပ်တို့နှင် ခင်နေသည့် ဗဟန်းဂတ်မှ ရာဇ၀တ်အုပ်ကိုခင်မြင့်ဆိုသူသည်
ကျွန်ုပ်တို့ ထိုင်နေသည့် လက်ဖက်ရည်ဝိုင်းကို ရောက်လာပြီး..
“လိုက်ရှာလိုက်ရတာဗျာ … ဆရာတို့က ဒီမှာ လာငြိမ့်နေကျတာကို ..“ ဟု အမောတကောနှင့် ဆိုလေရာ ဦးကိုကိုကြီးက ..
“ကိုခင်မြင့်
.. ဘာကိစ္စကြောင့် ရောက်လာတာလဲဗျ .. မလာစဖူး အလာထူးပါလား .. ထိုင်ပါဦးဗျ
.. “ ဟု ခရီးဦးကြို နှုတ်ဆက်လေ၏။ ကိုခင်မြင့်သည် ဦးကိုကိုကြီးကို
လက်ကာပြပြီး …
“မထိုင်တော့ဘူးဗျာ … ရွှေဂုံတိုင် (…..) လမ်းက ခြံအမှတ်
(၂၁)မှာ လူသတ်မှု ဖြစ်လို့ဗျ … အဲဒါ တမင်တကာ .. ဒီအထိ လိုက်လာပြီး …
ဆရာကိုမင်းမောင်ကို လာခေါ်တာဗျို့ .. ကိုအောင်မြင့်တို့ကိုလဲ ပြောခဲ့တယ်ဗျ
.. ဒါပေမယ့် ကိုမင်းမောင်ပါမှ ဖြစ်မှာပါ“ ဟု ဖြေလေရာ ကျွန်ုပ်တို့မှာ
မျက်လုံးပြူးသွားရလေ၏။ ဦးဘမျိုး သတ်ခံရသည့် အမှုမှာ ဘယ်နှယ့်နေသေးသည် မသိ ၊
နောက်ထပ် လူသတ်မှု တစ်မှုဆို၍ ခေါင်းကျိန်းသွားမိလေ၏။ မစ္စတာကရစ်ပင်ဆီမှ
အသုံးမကျတဲ့ စုံထောက်တွေ ဆိုသည့် ဆူပူကျိန်းမောင်းမှုတွေကိုလဲ ပြေးကာ
မြင်ယောင်လာမိလေ၏။ ဆားပုလင်းမင်းမောင်ကမူ အမှုအကြောင်း ကြားသည်နှင့်
သားကောင်နံ့ ရသည့် အမဲလိုက်ခွေးနှယ် ၎င်း၏ မျက်လုံးသည့် ဖျတ်ခနဲ ၀င်းသွားပြီး
သောက်လက်စ ဆေးလိပ်ကို ဆေးလိပ်ခွက်ထဲ ထိုးချေပြီး ..
“လာဗျို့  ..
ကိုခင်မြင့် … ခင်ဗျားမှာ ကားပါတယ် မှတ်လား .. သွားကျရအောင် .. “ ဟု
ခြေလှမ်းကျဲနှင့် ထွက်သွားလေရာ ကျွန်ုပ်တို့လဲ ထိုင်ရမှ ထကာ
အပြေးတစ်ပိုင်းနှင့် ကိုခင်မြင့် ရပ်ထားခဲ့သည့် ကားဆီသို့
လျှောက်လာခဲ့ကြလေ၏။ ကားထဲ အသီးသီး ၀င်ထိုင်မိကျသည်နှင့် ကျွန်ုပ်က ..
“ကိုခင်မြင့်ရယ်
… အမှုအကြောင်း ပြောပါဦးဗျ .. စီအိုင်ဒီအထိတောင် ခင်ဗျား လိုက်လာတယ်
ဆိုကတည်းက အမှုက ရိုးရိုးတော့ မဖြစ်နိုင်ဘူး.. “ ဟု မေးမိလေရာ ၎င်းက ..
“လိုက်လာရဆို
မလိုက်လာလို့ မဖြစ်ဘူး …ပြောရရင် ဇာတ်လမ်းက ဒီလိုဗျ … အသတ်ခံရတဲ့သူနာမည်က
ဦးကံကောင်းဗျ .. သူက ဒီခြံကို ပြောင်းလာတာ မကြာသေးဘူးဗျ ..
ကုန်သည်ပွဲစားတစ်ယောက်လို့ ပြောတာပဲ … သတ်သွားတဲ့လူက အမျိုးသမီးတစ်ယောက်ဗျ
.. “ ဟု ပြောလေရာ ကျွန်ုပ်သည် နှုတ်ကနေ ဘုရားတမိမတတ် အံ့အားသင့်သွားလေ၏။
“အမျိုးသမီး ဟုတ်လား … ကိုခင်မြင့် . .အတိအကျကို သိနေတာပါလား “ ဟု မေးမိလေရာ ကိုခင်မြင့်က ..
“သိဆို
.. လူသတ်သမားက ဦးကံကောင်းကို သတ်နေချိန်မှာ ရပ်ကွက်က လူကြီးတွေက
တိုက်တိုက်ဆိုင်ဆိုင် အလှူခံဖို့ ရောက်သွားချိန်နဲ့ ပက်ပင်းတိုးမိတာဗျ ….
အဲဒီမှာ ဦးကံကောင်းက ကယ်ပါဦးဆိုပြီး အသံနက်ကြီးနဲ့ အော်လို့ .. သူတို့က
ခြံထဲကို ၀င်ပြီး ၀ိုင်းဖမ်းကျသေးတယ် .. ဒါပေမယ့် လူသတ်သမား အမျိုးသမီးက
ဒီလောက် ရပ်ကွက်ကလူတွေ ၀ိုင်းဖမ်းတဲ့ကြားကနေ လွတ်အောင် ပြေးသွားတယ်တဲ့ဗျာ
.. ကျုပ်လဲ အသေးစိတ်တော့ မသိရသေးဘူးဗျ … ဆာသင်ကြီး ပြောသလောက်ပဲ သိသေးတာ ..
“ ဟု ရှင်းပြလေ၏။ ထို့နောက် တဆက်တည်းပင် ..
“စီအိုင်ဒီကို
မထွက်လာလို့လဲ .. မဖြစ်ဘူးဗျ .. ဖြစ်ချင်တော့ …ဒီ ဦးကံကောင်းနေတဲ့ ခြံရဲ့ 
ဟိုဘက်မှာ ငှားနေတဲ့သူက လန်ဒန်ကနေ အလည်ရောက်နေတဲ့ ကျုပ်တို့
ပုလိပ်မင်းကြီးမစ္စတာစတီးဝပ်ရဲ့ တူမ ကက်သရင်းတဲ့ဗျာ .. ဒီအကြောင်းကို
ပုလိပ်မင်းကြီးက ကြားပြီး သူကိုယ်တိုင် ဆင်းလာမယ်ဆိုလို့ စီအိုင်ဒီကို
ပြေးလာရတာပဲ .. ရပ်ကွက်က ၀ိုင်းဖမ်းတာတောင် မမိတဲ့ လူသတ်သမား . .အဲလေ ..
လူသတ်သမကို ဘယ်လိုဖမ်းရမလဲ ဆိုတာ .. မသိတော့ပါဘူးဗျာ .. အဲဒါပါပဲ ..“ ဟု
ဇာတ်မင်းသား ရှုံးလောက်သည့် အမူအရာနှင့် ခိုသံပါအောင် ညည်းလေတော့၏။
ဆားပုလင်းမင်းမောင်ကမူ ကိုခင်မြင့်၏ အပြောကို ကောင်းသည် ဆိုးသည်တစ်ခုမှ
မပြောပဲ တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားကာ လိုက်ပါလာလေတော့၏။ ကျွန်ုပ်လဲ
အရပ်ကကူကာ လူဝိုင်းပေမယ့် လွတ်မြောက်အောင် ပြေးသွားနိုင်သည့် လူသတ်သမား
အမျိုးသမီးဆိုတာကို စဉ်းစားကာ ဒီဇင်ဘာလသည် အားကစားလဟု မခေါ်သင့်ပဲ
အမျိုးသမီးလ ဟုသာ ပြောင်းခေါ်သင့်တော့သည် ဟု တွေးကာ နေမိလေတော့၏။
ရွှေဂုံတိုင်
(…..) လမ်းသို့ ချိုးဝင်လိုက်သည်နှင့် ကိုခင်မြင့်သည် ကားကို
အရှိန်လျှော့၍ အခင်းဖြစ်ပွားရာ ခြံနံပါတ်ကို ရှာရင်း ဖြေညင်းစွာ
မောင်းလာလေ၏။ နောက်ခန်းမှာ ကျွန်ုပ်နှင့်အတူ ပါလာသည့် ဆားပုလင်းမင်းမောင်က
လမ်းဝဲဘက်ကို ကြည့်ရင်း ..
“ကိုခင်မြင့် .. ၀ဲဘက်ခြမ်းမှာ
ဖြစ်လိမ့်မယ်ဗျ… အဲဒီဘက်က ခြံနံပါတ်တွေက မဂဏန်းတွေ.. “ ဟု ပြောလေသည်။
ကျွန်ုပ်တို့လဲ အနည်းငယ်မတ်သည့် လမ်းကလေးအတိုင်း မောင်းတက်လာကြရင်း
လမ်းကွေ့လေး တစ်ခု အရောက်၌ ၀ဲဘက်ခြမ်းက ခြံတစ်ခြံရှေ့တွင် ကားနှစ်စီးဆင့်ကာ
ရပ်ထားသည်ကို တွေ့ရ၏။ ဦးကိုကိုကြီးသည် နောက်က ရပ်ထားသည့် ကားနံပါတ်ကို
မြင်သည်နှင့် ..
“ကိုခင်မြင့် အဲဒီနောက်မှာပဲ ရပ်လိုက် .. အဲဒါ
ကိုအောင်မြင့်တို့ ကားပဲ … ဒီခြံဖြစ်လိမ့်မယ် ..“ ဟု လက်ညိုးထိုး၍ ဆိုလေရာ
ကိုခင်မြင့်လဲ ရပ်ထားသည့် ကားနောက်တွင်ပင် အသာကပ်ကာ ရပ်လိုက်လေ၏။ ထို့နောက်
ကိုခင်မြင့်နှင့် ဆားပုလင်းမင်းမောင်က တစ်တွဲ ၊ ကျွန်ုပ်တို့ နှစ်ဦးက
တစ်တွဲ လူသတ်မှု ဖြစ်ပွားရာ ခြံအမှတ် (၂၁) ဆီသို့ လျှောက်လာခဲ့ကြ၏။
ခြံဝရှေ့တွင် အစောင့်ချထားသည့် ပုလိပ်သားသည် ကျွန်ုပ်တို့ကို မြင်သည်တွင်
သတိဆွဲကာ ဆလံပေး၍ အရိုအသေပြုလေ၏။ ဤတွင် ဦးကိုကိုကြီးသည် ရှေ့ဆက်မသွားသေးပဲ
ကျွန်ုပ်ကို လက်တို့ကာ ပုလိပ်သားဆီသို့ လျှောက်သွားလေ၏။ ကျွန်ုပ်လဲ ဒီလူ
ဘာသွားကြပ်ဦးမလဲ မသိဟု တွေးကာ ကိုမင်းမောင်တို့နောက် လိုက်မသွားဖြစ်ပဲ
သူနှင့် ပုလိပ်သားရှိရာသို့ လျှောက်လာမိလေ၏။
“ဟေ့ .. မင်းနာမည် ဘယ်သူလဲ … အထဲကို ဘယ်သူတွေ ရောက်နေပြီလဲ ကွ … “
“ကျွန်တော်နာမည်
မောင်အုံးမောင်ပါဆရာ .. အထဲမှတော့ ဂတ်က ဆာသင်ကြီးကိုသောင်းနဲ့ အင်းစိန်
စီအိုင်ဒီက လူတွေပဲ ရှိပါတယ် ဆရာ .. “ ဟု အခုမှ အလုပ်ဝင်ခါစပုံ ပေါက်နေသည့်
ပုလိပ်သားသည် ဦးကိုကိုကြီး၏ ဟိတ်ဟန်ကြောင့် တကယ့်အရာရှိကြီး မှတ်ကာ
မျက်လုံးလေး ကလယ်ကလယ်နှင့် ရိုရိုသေသေ ဖြေလေ၏။ ဦးကိုကိုကြီးသည် ပုလိပ်သား၏
အဖြေကို ခေါင်းတညိမ့်ညိမ့်လုပ်နေပြီး …
“နေပါဦး မောင်အုံးမောင်ရဲ့  ..
ငါမေးပါရစေဦး … အထဲက လူတွေကို စီအိုင်ဒီကမှန်း မင်းက ဘယ်လိုလုပ်သိလို့ ..
ဝင်ခွင့်ပေးလိုက်ရတာလဲ ..“ ဟု အခြောက်တိုက်ရစ်လေရာ ပုလိပ်ပါးမ၀သေးသည့်
မောင်အုံးမောင်သည် ဦးကိုကိုကြီး၏ အမေးတွင် မျက်လုံးပြူးသွားလေ၏။
ဦးကိုကိုကြီးကမူ ကျွန်ုပ်ဘက်လှည့်၍ မျက်စိတစ်ဖက်မှိတ်ပြလေရာ ကျွန်ုပ်လဲ
ဦးဘမျိုးအိမ်ကို ရောက်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်အမှတ်ရမိ၏။
“ဟို .. ဟို လေ ဆရာ … သူတို့က စီအိုင်ဒီက လူတွေလို့ ပြောလို့ ၀င်ခွင့်ပြုလိုက်တာပါ .. ဘာဖြစ်လို့လဲ ဆရာ ..“
မောင်အုံးမောင်၏
မျက်စိပျက်မျက်နှာပျက် အထစ်ထစ်အငေါ့ငေါ့ စကားတွင် ဦးကိုကိုကြီးသည် ၎င်း၏
အိတ်ကပ်ထဲမှ စီအိုင်ဒီက ပေးထားသည့် အိုင်ဒီကတ်ကို ထုတ်ကာပြလေ၏။
“ဒီမှာကြည့်
.. မောင်အုံးမောင် .. မင်းကိုငါက ကြုံတုန်း အမှုအခင်း ဖြစ်ပွားရာ နေရာမှာ
ပုလိပ်တို့ လုပ်ထုံးလုပ်နည်းတွေ သင်ပေးရဦးမယ် ကွ .. ဒါက စီအိုင်ဒီက
ပေးထားတဲ့ စုံထောက်ကတ်ဟ … နောက် ဘယ်သူလာလာ .. သက်သေခံ ကတ်ပြားတောင်း … ဒါက
အရေးကြီးတယ် .. ကုန်ကုန်ပြောမယ်ကွာ သက်သေခံ ကတ်ပြား မပြနိုင်ရင် ..
မျက်နှာဖြူ ဖြစ်နေတာတောင် ပေးမ၀င်နဲ့ … ဖင်ခံမယ်ဆိုရင်တောင်
ပေးမ၀င်နိုင်ဘူးလို့ ပြော .. ဒါ လူသတ်မှု ဖြစ်ပွားရာ နေရာ …
လူတိုင်းလာကြည့်လို့ရတဲ့ ပြတိုက် မဟုတ်ဘူးလို့ဆိုပြီး မောင်းထုတ်လိုက် .. “
ဟု ဦးကိုကိုကြီးက ရုပ်တည်နှင့် မြှောက်ပေးလေ၏။ ပုလိပ်သား
မောင်အုံးမောင်ခမျာ မအူမလည် မျက်နှာပေးနှင့် ဦးကိုကိုကြီး ပြောသမျှ
ခေါင်းညိမ့်ကာ ကျန်ရစ်ခဲ့လေ၏။ ထို့နောက် ကျွန်ုပ်သည် ဦးကိုကိုကြီးနှင့်
လူသတ်မှု ဖြစ်ပွားသည် ဆိုသည့် ဥရောပပုံစံ ဆောက်ထားသည့် တစ်ထပ်တိုက်အရွယ်
အုတ်ညှပ်အိမ်ကလေးဘက်သို့ လျှောက်လာရင်း ..
“ခင်ဗျားဗျာ .. သွားမြှောက်ပေးနေပြန်ပြီ … တော်ကြာနေ ကောင်လေး ဘုမသိဘမသိ ဒုက္ခရောက်နေပါဦးမယ် ..“ ဟု ဦးကိုကိုကြီးကို ပြောလိုက်ရာ ..
“ကိုအောင်သိန်းကလဲ
.. ကျုပ်က စေတနာနဲ့ပါဗျ .. ကံဘဲ့မှာတုန်းက ကျုပ်လုပ်ပေးလိုက်လို့
ဟိုပုလိပ်လေး ရာထူးတက်သွားတယ် မဟုတ်လား .. ခင်ဗျားကလဲ အရာရာကို
မကောင်းသိပ်မြင်တာပဲ ...“ ဟု ကျွန်ုပ် ပခုံးကို လက်ဝါးကြီးနှင့် ပုတ်ကာ
ဆင်ခြေပေးလေ၏။ ကျွန်ုပ်လဲ ဦးကိုကိုကြီး ပြောတာက ဟုတ်နေသည်မို့
ပြန်မပြောတော့ပဲ ခြံပေါက်ဝနှင့် သိပ်မဝေးသည့် အိမ်ကလေးကို စေ့စေ့စပ်စပ်
ကြည့်မိ၏။ ရွှေဂုံတိုင်ရှိ ဤ (….) လမ်းသည် လုံးချင်းအိမ်ကလေးတွေ
သီးသန့ှ်ရှိကာ အိမ်ကလေးတွေက အနေတော် ခြံကလေးတွေ ကိုယ်စီနှင့်ဖြစ်ကြလေ၏။ ယခု
အခင်းဖြစ်ပွားရာ ခြံအမှတ် (၂၁) မှာလဲ ခြံနှင့်ဝင်းနဲ့ ဖြစ်ပြီး
တစ်ခြံလုံးကို လူတစ်ရပ်သာသာ မြင့်မည့် အုတ်တံတိုင်းကာရံထားသည်ကို တွေ့ရ၏။
အုပ်ညှပ်တိုက်
အိမ်ကလေး၏ အရှေ့ ဘက်တွင်တော့ အနည်းငယ် ဟောင်းနေပြီဖြစ်သည့်
ဖို့ဒ်ကားလေးတစ်စီး ရပ်ထားသည်ကို တွေ့ရ၏။ ကျွန်ုပ်တို့သည် ဖို့ဒ်ကားလေးကို
ကွေ့ပတ်ကာ ၎င်းနောက်ရှိ အိမ်ပေါက်ဝက သံပန်းတံခါးကို ကျော်ကာ အိမ်ထဲသို့
လှမ်းဝင်လိုက်လေ၏။ အိမ်တံခါးမကြီး နှစ်ရွက်က ဖွင့်ထားသည်မို့
အထဲရောက်သည်နှင့် ဧည့်ခန်းအစပ်တွင် ဂုတ်ပိုး၌ ဓါးတစ်ချောင်း စိုက်ကာ
လဲကျသေဆုံးနေသည့် ယောက်ျားကြီးတစ်ယောက်၏ အလောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ
တွေ့မြင်ရလေ၏။ ကျွန်ုပ်တို့ထက် ကြိုတင်ကာ ရောက်ရှိနေကျသည့်
ကိုအောင်မြင့်တို့ အုပ်စုကတော့ အလောင်းကြီးကို အသုဘကမ္မဌာန်းရှုသကဲ့သို့
ဝိုင်းအုံကြည့်ရှုကာ နေကြလေ၏။ ထို့အပြင် ကျွန်ုပ်တို့၏ စုံထောက်မင်းကြီး
မစ္စတာကရစ်ပင်ကို ဗဟန်းဂတ်က ဆာသင်ကြီးဟု ထင်ရသည့် လူတစ်ယောက်နှင့်
အတူမတ်တပ်ရပ်ကာ ရှိနေသည်ကို တွေ့ရလေ၏။
ကျွန်ုပ်နှင့် ဦးကိုကိုကြီးလဲ
မိမိတို့ အထက်အရာရှိ စုံထောက်မင်းကြီးကတောင် ရောက်နေပြီ ဖြစ်သည့် အတွက်
ရှေ့ကလုပ်ဖော်ကိုင်ဖက် ဖြစ်သူ ကိုအောင်မြင့်တို့ ထုံးစံလိုက်ကာ ခါတိုင်းလို
ဟိုယောင်ယောင် ဒီယောင်ယောင် မလုပ်နိုင်တော့ပဲ မှောက်ခုံလှဲနေသည့်
အလောင်းကြီးဘေးနားကို တိုးသွားကာ သေချာကြည့်ကြရလေ၏။ ကံမကောင်းရှာပြီ
ဖြစ်သည့် ဦးကံကောင်းဆိုသူသည် အသက်၄၀ကျော်လောက် ရှိမည်ကို ကြမ်းပြင်ပေါ်
မှောက်ကျနေသည့် ၎င်း၏မျက်နှာက တစောင်းအနေအထား ဖြစ်နေ၍ ခန့်မှန်းမိ၏။
သေဆုံးပုံကတော့ ၎င်း၏ ဂုတ်ပိုးနေရာတွင် မီးဖိုချောင်တွင် သုံးလေ့ရှိသည့်
ရိုးရိုး အိမ်သုံး ကြွက်သွန်လှီး ဓါးတစ်ချောင်းက စိုက်ကာဝင်နေသည်ကို
တွေ့ရ၏။ အဆိုပါနေရာမှ သွေးများစီးထွက်ပြီး ကြမ်းပြင်ပေါ်သို့ကျရောက်နေလေ၏။
ဦးကံကောင်းသည် အပေါ်ပိုင်းတွင် အ၀တ်ဗလာနှင့် ဖြစ်ကာ အောက်ဘက်တွင်တော့
ဝတ်ဆင်ထားသည့် လုံချည်က မမြဲလို့ပါလားတော့ မသိ ခါးကနေ ပြေလျော့နေလေ၏။
ထူးဆန်းသည်က ဦးကံကောင်းသည် ကံဘဲ့တွင် အသတ်ခံရသည့် ဦးဘမျိုးလို
တကိုယ်လုံးတွင် ဆေးမှင်ကြောင်များ ထိုးထားသည်ကိုတွေ့ရ၏။ တခြား ထင်ရှားသော
သဲလွန်စဆို၍ အလောင်းဘေးတွင် မယ်မယ်ရရ ထပ်မတွေ့ရတော့ချေ။ ကျွန်ုပ်တို့
ကြည့်နေစဉ်မှာပင် ကိုမင်းမောင်သည် အိမ်ကြမ်းပြင်ပေါ်လဲကျနေသည့် အလောင်းကြီး၏
မျက်နှာနားတွင် ဒူးထောက်ကာ ၎င်း၏ မျက်နှာကို ကြမ်းပြင်နှင့် ကပ်၍ သေဆုံးသူ၏
မျက်နှာကို ညားခါစမိန်းမကို ကြည့်သလို တစိမ့်စိမ့်ကြည့်နေလေ၏။
ကြည့်နေရင်းနှင့်မျှ အားမရဟန်ဖြင့် သေသူ၏ပါးစပ်ကို ယုယုယယကိုင်ကာ
ဖြဲကြည့်လေ၏။ ဦးကိုကိုကြီးသည် ဟိုဟိုဒီဒီလုပ်နေရင်းမှ ကိုမင်းမောင်၏
အပြုအမူကို အတွေ့တွင် ..
“အိုင်ဆေး .. ကိုမင်းမောင် .. ဘာတွေ
ထူးခြားလို့ .. အလောင်းပါးစပ်ကြီး ဖြဲကြည့်နေတာလဲဗျ .. ဓါးနဲ့ အထိုးခံရလို့
သေသွားတာ မဟုတ်လား .. “ ဟု မေးလေရာ ကိုမင်းမောင်သည် ဒူးထောက်ထိုင်နေရာမှ
ပြန်မတ်တပ်ရပ်ရင်း …
“မဟုတ်သေးဘူးဗျ .. ဦးကိုကိုကြီးရ .. ဒီလူက
အဆိပ်မိထားသေးတာဗျ .. ဒီမှာကြည့် နှုတ်ခမ်းတွေ ပြာနေတယ်ဗျ … ဘယ်လို
အဆိပ်မျိုးမိတာလဲ ဆိုတာတော့ ရင်ခွင်ရုံက ရီဇက် (result) ရမှ သိမှာဗျ …
နောက်ပြီးတော့ ဓါးနဲ့ အထိုးခံရတာ မဟုတ်ဘူးဗျ .. ကြည့်ရတာ ဓါးနဲ့
အပေါက်ခံရတာ ဖြစ်မယ် .. ဓါးနဲ့ထိုးတဲ့သူတွေဟာ ယေဘူယျအားဖြင့်
ဝမ်းဗိုက်ကိုပဲ ထိုးလေ့ရှိတာဗျ … ကြည့်ရတာ အရပ်ကလူတွေ ရောက်လာတဲ့ အချိန်မှာ
. .လူသတ်သမားက ဓါးနဲ့ လှမ်းပေါက်လိုက်တာ ဖြစ်မယ် .. တော်တော်တော
့လက်ဆပြင်းတဲ့ ဓါပေါက်ချက်ပဲ .. ရိုးရိုး အိမ်သုံးဓါးကို ဒီလို
ပေါက်ဖို့ဆိုတာ တော်တော်ကျင့်ထားမှ ရတာဗျ“ ဟု ဆိုလေရာ ကျွန်ုပ်တို့
ရောက်ကတည်းက ဧည့်ခန်းထောင့်တွင် ရပ်ကာနေသည့် ဆာသင်ကြီးကိုသောင်း ဆိုသူသည်
ရှေ့သို့ထွက်လာပြီး …
“ဟုတ်ပါတယ် ဆရာ .. ဆရာခန့်မှန်းတာ အမှန်ပါပဲ …
ဟိုဘက် တစ်ခြံမှာနေတဲ့ ဦးစည်သူဆိုတဲ့ သူက ရပ်ကွက်လူကြီးဗျ .. အဲဒါ သူက
ရပ်ကွက်ထဲ လမ်းခင်းဖို့ အလှူခံလာတဲ့ အချိန်မှာ … ဦးကံကောင်းကို သတ်နေတာနဲ့
ပက်ပင်းတွေ့တာ ဆရာ …. ဦးကံကောင်းက သူတို့ သံပန်းတံခါးဝမှာ ရပ်နေချိန်မှာ
… အိပ်ခန်းထဲကနေ ကပ်ကြပါဦးဆိုပြီး အော်ပြီး ထွက်ပြေးလာတယ်တဲ့… အဲဒါ …
လူသတ်သမား အမျိုးသမီးက အိပ်ခန်းဝကနေ အဲဒီ ဓါးနဲ့ လှမ်းပေါက်လိုက်တာ..
ဒီနေရာမှာ လဲကျသွားတာလို့ … ထွက်ဆိုထားပါတယ် .. ဆရာ ..“ ဟု ကိုမင်းမောင်
အတွေးကို ၀င်ရောက်ထောက်ခံလေ၏။
ဆာသင်ကြီး၏ စကားတွင် အတူပါလာသည့် ကိုခင်မြင့်က ..
“ဒါနဲ့
… လူသတ်သမားက ဘယ်လို လွတ်သွားတာလဲဟ .. ကိုသောင်းရ … ခြံက
အုတ်တံတိုင်းကာထားတာပဲ မဟုတ်လား ..“ ဟု မေးလေရာ ဆာသင်ကြီးက
အိမ်၏နောက်ဘေးဘက်ကို လက်ညှိးထိုးပြရင်း ..
“လူသတ်သမား အမျိုးသမီးက
မလွယ်ဘူးဗျ ဆရာတို့ .. အာဂမိန်းမဗျ .. ဦးစည်သူနဲ့ အလှူခံလိုက်တဲ့ အထဲမှာ
ရပ်ကွက်က ကာလသားတွေပါတယ် .. သူတို့က ဦးကံကောင်း အဲဒီလို ဓါးနဲ့
ပေါက်ခံရပြီးလဲကျသွားတော့ .. ညာသံပေးပြီး လိုက်ကျတာ … အဲဒီ အမျိုးသမီးက ဗျာ
… သူတို့လဲ အိမ်ထဲကနေ ထွက်လိုက်ရော … ခြံနောက်ဘက်မှာ ရှိနေတဲ့
သစ်သီးခူးဖို့ထားတဲ့ ၀ါးလုံးကို ထောက်ခုန်ပြီး အုတ်တံတိုင်းပေါ်က
ကျော်ထွက်သွားတာတဲ့ … သူတို့ ခြံဟိုဘက်ကနေ ပြေးထွက်ပြီး လိုက်တော့
မမှီတော့ဘူး ဆိုပဲ .. ခြံနောက်မှာက ဘာမှ မရှိဘူး .. ဆရာတို့ သွားကြည့်ရင်
တွေ့မှာပါ … တောင်ကုန်းပဲ ရှိတာ .. လူသွားလမ်းကြားလိုမျိုး ခပ်ရေးရေး
လမ်းလေးတော့ ရှိတယ် ..ကြည့်ရတာ အဲဒီကနေ ဆင်းပြေးသွားတာဖြစ်မယ် “ ဟု
အမျိုးသမီး လွတ်သွားပုံကို ရှင်းပြလေ၏။
ဆာသင်ကြီး ရှင်းပြတာကို နားထောင်ပြီးနောက် ကိုမင်းမောင်သည် လူသေအလောင်းနားက ခွာကာ ..
“ဒါဆိုရင်တော့
… အိပ်ခန်းထဲကို ၀င်ကြည့်ကြရအောင်ဗျာ .. ကျုပ်ထင်တာမှန်နေရင်တော့ အခန်းထဲက
အိပ်ယာပေါ်မှာများ စံပယ်ပွင့်တွေ တွေ့နေရဦးမလား မသိဘူး ..“ ဟု ဆို၍
ထွက်သွားလေရာ စာသင်ကြီး ကိုသောင်းသည် ကိုမင်းမောင်ကို အံ့သြသည့်
မျက်လုံးနှင့် ကြည့်နေလေ၏။ ကျွန်ုပ်အပါအ၀င် အင်းစိန်စီအိုင်ဒီက
စုံထောက်အဖွဲ့သည် ကိုမင်းမောင်ဝင်သွားသည့် အိမ်အလယ်တွင်ရှိသည့်
အိပ်ခန်းထဲသို့ လျှောက်ဝင်လာကြရာ သူပြောသလို အခန်းထဲက နှစ်ယောက်အောက်
ကျွန်းကုတင်ကြီးပေါ်တွင် စံပယ်ပွင့် အချို့ကပြန့်ကျဲနေတာကို တွေ့ရလေ၏။
ကုတင်၏ ခေါင်းရင်းဘေးတွင်ရှိသော စားပွဲပုလေးပေါ်တွင်တော့
ပန်းသီးအစိမ်းသုံးလုံးကို ကြေးလင်ပန်းလေးနှင့် ထည့်ထားသည်ကို တွေ့ရ၏။
ပန်းသီးများသည် လှီးဖြတ်ရခြင်း မရှိပဲ အလုံးမပျက် ရှိနေလေ၏။
“အိုင်ပီရေ
.. ပန်းသီးလှီးတဲ့ ဓါးကတော့ ဦကံကောင်းဂုတ်ပိုးဆီ ရောက်သွားတာဗျ .. သူ့ခမျာ
ပန်းသီးဖီလင် မလုပ်နိုင်ရှာဘူး ဖြစ်သွားတယ် . ..“ ဟု ကိုမင်းမောင်က
ကောက်ချက်ချပြောလေ၏။ ကျွန်ုပ်တို့လဲ အိပ်ခန်းထဲတွင် လှည့်ပတ်ကြည့်သော်လဲ
ကုတင်ဘေးတွင် ပုံကျနေသည့် ဦးကံကောင်း၏ ရှပ်အင်္ကျီတစ်ထည်မှ အပ
ထူးထူးခြားခြား အမှုနှင့်သက်ဆိုင်သည့် သဲလွန်စကို မတွေ့ချေ။
ဆားပုလင်းမင်းမောင်က အခန်းထဲက ပြန်ထွက်ကာ …
“ကျုပ်တော့
နောက်ဘေးဘက် သွားကြည့်လိုက်ဦးမှာဗျာ .. အိုင်ပီတို့လဲ အဲဒီမှာ သဲလွန်စလေး
ဘာလေးများ တွေ့မလား ရှာကြည့်ကြပါဦးဗျာ . အမှုက သဲလွန်စရယ်လို့
ထူးထူးဆန်းဆန်းမတွေ့ရင် တရားခံကို တော်တော်ဖမ်းရခက်နေမှာ .. သေချာတာတော့
ဦးဘမျိုးကို သတ်သွားတဲ့ အမျိုးသမီးပါပဲ ... လကလဲ ကုန်ခါနီးပြီဆိုတော့
ကျုပ်တော့ ဖင်ကြိမ်းလာပြီဗျာ ...“ ဟု ခပ်တည်တည်ပြောရင်း
အိမ်မကြီးနောက်ဘေးဘက်တွင် ပွင့်နေသည့် တံခါးပေါက်ဘက်သို့ လျှောက်သွားလေ၏။
ထိုအချိန်၌ပင် အိမ်ထဲသို့ မျက်နှာကြီး ပုပ်သိုးကာ ၀င်လာသည့် ပုလိပ်မင်းကြီး
မစ္စတာစတီးဝပ်ကို တွေ့ရလေ၏။ မစ္စတာစတီးဝပ်သည် ကျွန်ုပ်တို့ကို မြင်သည်နှင့်
..
“မောင်မင်းတို့ .. အိမ်ပေါက်ဝမှာ အစောင့်ချထားတဲ့ ပုလိပ်သားကို သိလား
.. “ ဟု မေးလေရာ ဦးကိုကိုကြီးသည် ကျွန်ုပ်ဘက်လှည့်ကာ မျက်ခုန်းတစ်ဖက်
တွန့်ပြရင်း ..
“သိပါတယ် .. မင်းကြီး .. သူ့နာမည် မောင်အုံးမောင်ပါ ..
ဘာဖြစ်လို့လဲ ..“ ဟု မေးလိုက်လေသည်။ ထိုအခါ မစ္စတာစတီးဝပ်သည်
မကျေမချမ်းမျက်နှာနှင့် ..
“ဘာဖြစ်ရမှာလဲ .. ကျုပ်က ကျုပ်ကိုယ်ကျုပ်
ပုလိပ်မင်းကြီးလို့ ပြောတာတောင် .. သူက ပေးမ၀င်နိုင်ဘူး ပြောတယ် .. အတင်းပဲ
သက်သေခံ ကတ်ပြား ပြခိုင်းနေတယ် … ဖင်ခံမယ်ဆိုရင်တောင် မရဘူး လုပ်နေတယ် …
ဒီလောက်တောင် ရိုင်းတဲ့ကောင် … အဲဒီကောင်မျိုး ပုလိပ်အဖွဲ့ထဲ ရှိမနေသင့်ဘူး
.. တခါတည်း အလုပ်ဖြုတ်ပြစ်လိုက် … ကြားလား .. မောင်မင်း.. “ ဟု
စိတ်ဆိုးမာန်ဆိုး ပြောလေရာ ဦးကိုကိုကြီး၏ မျက်နှာသည် ကွက်ခနဲ ပျက်သွားလေ၏။
ပုလိပ်မင်းကြီးမမြင်အောင် ကျွန်ုပ်ဘက်လှည့်လာပြီး ..
“ဦးအောင်သင်းရေ
.. မောင်အုံးမောင်တော့ ဦးကံကောင်းလိုပဲ ကံမကောင်းချင်ရှာတော့ ..
လဖွတ်မင်းကြီးနဲ့မှ သွားတွေ့တယ် … ဒီတစ်ခါတော့ .. ကျုပ်ရဲ့ နှုတ်စောင်မမှုနဲ့
သူ့ခမျာ ပုလိပ်လောကကနေ စောစောစီးစီး အနားရသွားရှာပြီ .. လွဲတဲ့အခါလဲ
လွဲပေမှာပေါ့ .. “ ဟု ပြောလေရာ ကျွန်ုပ်မှာ မရယ်မိအောင် ကြိုးစား၍ပင်
ထိန်းကာနေရလေ၏။ အဖြစ်အပျက်ကို မသိသည့် ကိုအောင်မြင့်တို့ အုပ်စုကတော့
ကျွန်ုပ်တို့ အူကြောင်ကြောင် မျက်နှာပေးနှင့် ကြည့်နေကြလေ၏။
ထိုအချိန်၌ပင်
ကိုမင်းမောင်သည် အိမ်ထဲသို့ မှိုရသည့် မျက်နှာနှင့် ပြန်ဝင်လာသည်ကို
တွေ့ရ၏။ ၎င်း၏ လက်ထဲတွင်လဲ ကတ္တီပါအိတ်အနီလေး တစ်လုံးကို ကိုင်ထားသည်ကို
တွေ့ရလေ၏။ ကျွန်ုပ်တို့ ရှိနေသည့် ဧည့်ခန်းအလယ်က စားပွဲတွင်
ရှုံ့ကြိုးလေးကို ဖြေကာ အထဲက ပစ္စည်းများကို သွန်ချပြလေ၏။ အိတ်ကလေးတွင်းမှ
ထွက်လာသော ပစ္စည်းများမှာ ဆီစိမ်စက္ကူအစိမ်းရောင်ပိုင်းလေးနှစ်ခု၊
ကော်ပုတီးလေးတစ်ကုံးနှင့် အကြွေစေ့ အနည်းငယ်ဖြစ်၏။ ကျွန်ုပ်သည် သေးငယ်သော
လေးထောင့်ပုံ စက္ကူအပိုင်းလေးနှစ်ခုကို မြင်ရသည်တွင် စိတ်ဝင်စားသွားမိ၏။
ကောက်၍ ယူကြည့်ရာ စက္ကူပိုင်းနှစ်ခုပေါ်တွင် မြန်မာဂဏန်း ၅ နှင့် ၆ ကို
ရေးထားသည်ကို တွေ့ရ၏။ ကိုမင်းမောင်သည် ကျွန်ုပ်လက်က စက္ကူပိုင်းလေးကို
ယူကြည့်ပြီး ၎င်း၏ မျက်နှာသည် တည်ကြည်သွား၏။ ထို့နောက် ၎င်းသည် အိမ်ရှေ့ကို
ထွက်သွားကာ ဆင်ဝင်အောက်တွင် ရပ်ထားသည့် ကားကို သေချာကြည့်လေ၏။
တအောင့်လာအကြာတွင် အိမ်ထဲပြန်ဝင်လာပြီးနောက် ကုတ်အင်္ကျီအတွင်းမှ ရေခဲတောင်
ဂလေစီယာ စီးကရက်ကို ထုတ်ကာ မီးညှိ၍ ဖွာလေသည်။ ထိုအခါ နှစ်ဦးသား
တီးတိုးတီးတိုး ပြောနေကြသည့် မင်းကြီးနှစ်ဦးထဲမှ ပုလိပ်မင်းကြီး
မစ္စတာစတီးဝပ်က …
“၀ိုး .. ဆားပုလင်းမင်းမောင်က စိတ်အေးလက်အေး စီးကရက်
သောက်နိုင်သေးတယ် .. ဘယ်လိုလဲ … တရားခံကို မိဖို့ နီးစပ်ပြီးလား ..
ကျုပ်ကြားတာက မစ္စတာကရစ်ပင်က မောင်မင်းတို့ စုံထောက်တွေနဲ့ တရားခံကို
ဖမ်းဖို့ … ဖင်ခံကြေး စိန်ခေါ်ထားတယ်ဆို … ရှေ့နှစ်ပိုင်း ဘုရင်ခံက
ဒီကိုလာမှာဆိုတော့ တရားခံကို လမကုန်ခင် မိစေချင်တယ် …“ ဟု
စိတ်ရှုပ်ထွေးဟန်နှင့် မေးလေရာ ဆားပုလင်းမင်းမောင်သည် စီးကရက်မီးခိုးတွေကို
မျက်နှာကျက်သို့ မှုတ်ထုတ်ရင်း လန်ဒန်သားတို့ ရှုံးလောက်သည့် လွန်စွာပီသသည့်
လေသံနှင့်
“အမှုက တရားခံကို ဖမ်းရခက်လှပြီ ဆိုပြီး အောင့်မေ့နေတာ
..ဘုရားသခင်က ဖေးမလို့ အခုတော့ ဖမ်းဖို့ မခက်တော့ပါဘူး.. ဒါပေမယ့်
အိမ်နောက်ဘက်က အုတ်တံတိုင်းကိုတောင် သစ်သီးခူးတဲ့ ၀ါးလုံးကို ထောက်ပြီး
ခုန်ထွက်သွားနိုင်တဲ့ အမျိုးသမီးဆိုတော့ … တော်တော်တော့ ကြိုးစားဖမ်းရမှာပဲ
.. ဖင်မခံရအောင်တော့ ကြိုးစားရမှာပေါ့ ..“ ဟု မခိုးမခန့်ပြောလေရာ
ကျွန်ုပ်တို့လဲ မိမိတို့အတွက် ကတ္တီပါအိတ်ကလေးက ဘာမှမထူခြားသော်လဲ
မိတ်ဆွေကြီးကိုမင်းမောင် အတွက်မူ အဖိုးတန်သည့် သဲလွန်စကို
ပေးလိုက်ပြီဆိုတာကို ရိပ်မိကြလေ၏။ ထို့နောက် ကိုမင်းမောင်သည်
ကိုခင်မြင့်ကို ခေါ်ကာ တစ်အိမ်ကျော်က ဦးစည်သူနှင့် တွေ့ချင်သည်ဆိုတာ
လိုက်ပို့ခိုင်းလေ၏။ ကျွန်ုပ်က အကြောင်းသိချင်ရင် လိုက်ခဲ့မည် ပြောသော်လဲ
ကိုမင်းမောင်က နောက်မှ တွေ့ကြတာပေါ့ဟု ဆိုသဖြင့် ကျွန်ုပ်တို့လဲ အချိန်ကလဲ
လင့်နေသည့် အလျောက် ဦးကံကောင်းအိမ်ကနေ ကိုယ်စီကိုယ်စီ
ပြန်ထွက်လာခဲ့ကြတော့လေ၏။
-------------------
No comments:
Post a Comment