အခန်း(၆)
”ကိုမင်းမောင်၏ စုံထောက်အဖွဲ့“
နောက်တစ်နေ့ မနက်တွင်
ကျွန်ုပ်သည် အိပ်ယာမှ အနည်းငယ် စောနိုးနေသဖြင့် မိန်းမဖြစ်သူ
တင်တင်ပြင်ပေးသည့် ကော်ဖီနှင့် ထမင်းကြော်ကို သုံးဆောင်ပြီး သကာလ
လုပ်စရာအလုပ်မရှိပဲ ဖြစ်နေလေ၏။ ရုံးသွားရမှာလဲ အနည်းငယ်စောနေသေးရာ
ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေရာမှ ကိုမင်းမောင်ကို သတိရကာ
သူ့အိမ်ဘက်သို့ ရုံးမသွားခင် အရင်ထွက်လာခဲ့လေ၏။ ကိုမင်းမောင်၏
အခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့၍ ကျွန်ုပ်က တံခါးကို အသာခေါက်လိုက်၏။
“အိုင်ပီရေ .. တံခါးက စေ့ယုံစေထားတာ .. တွန်းဖွင့်ပြီးသာ ၀င်လာခဲ့ဗျာ..“
ကျွန်ုပ်လဲ
ဆားပုလင်းမင်းမောင်က ကျွန်ုပ်မှန်း အတတ်သိကာ အထဲကနေ လှမ်းခေါ်သည်ကို
အံ့အားသင့်သွားရ၏။ တံခါးကို ကိုမင်းမောင် ပြောသလို တွန်းဖွင့်ကာ ၀င်လိုက်ရာ
ဧည့်ခန်းအလယ်တွင် ကိုမင်းမောင်သည် ခွေးခြေအပုလေးတစ်လုံးနှင့်
ထိုင်နေသည်ကို တွေ့ရ၏။
“အိုင်ဆေး .. ဗိုက်ထဲမှာ ပုဏ္ဏားလေးများ
ရှိနေတာလား .. ကျုပ်မှန်း ဘယ်လိုလုပ်သိလဲ .. “ ဟု မေးရင်း နှုတ်ဆက်လိုက်ရာ
ကိုမင်းမောင်က ကျွန်ုပ်ကို ပြုံးပြကာ ..
“မဆန်းပါဘူးဗျာ အိုင်ပီရ …
ကျုပ်ဆီ မနက်စောစော လာမည့်လူဆိုလို့ အိုင်ပီရယ် ဦးကိုကိုကြီးရယ်ပဲ ရှိတာလေ
.. ဦးကိုကိုကြီးက သူလာရင် တံခါးမခေါက်တတ်ဘူးဗျ .. အသံဗြဲကြီးနဲ့ 
ကိုမင်းမောင်ရေဆိုပြီး အော်ခေါ်တာ .. အိုင်ပီတစ်ယောက်တည်း
တံခါးခေါက်လေ့ရှိတာဗျ .. ပိုသေချာတာက အိုင်ပီက အမြဲတမ်း တံခါးခေါက်ရင်
သုံးချက်ခေါက်လေ့ရှိတယ် .. ဦးဆုံးနှစ်ချက်ကို ဆက်တိုက်ခေါက်ပြီး
နောက်ဆုံးတစ်ချက်ကိုတော့ နဲနဲလေးကြာမှ ခေါက်တာ အိုင်ပီ အကျင့်ပဲလေ ..
အဲဒါလေး ကျုပ်က အမှတ်ရနေလို့ သိတာပါ.. “ ဟု ဖြေလိုက်လေရာ ကျွန်ုပ်လဲ
ကိုမင်းမောင်၏ စေ့စပ်မှုကို စိတ်ထဲကနေ ချီးမွမ်းမိရပြန်၏။
ထိုအချိန်၌ပင်
ကိုမင်းမောင်က ထိုင်နေရာမှ ထလိုက်ပြီးလျှင် အညောင်းဆန့်သကဲ့သို့ ကျောကို
ကော့လိုက်လေ၏။ ထို့နောက် သူ၏လက်ဆစ်များကို ခါလိုက်လေ၏။ ပြီးလျှင်
ခြေကိုဆန့်တန်း၍ ခြေဆစ်ဒူးဆစ်များကို ခါလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က ..
“ဘယ်လိုလဲ အိုင်ဆေး . . ဘာတွေလုပ်လို့ ဒီလောက်တောင် ညောင်းနေတာလဲ “ ဟု မေးလိုက်ရာ ဆားပုလင်းမင်းမောင်က ..
“ညောင်းတယ်ရယ်လိုတော့
မဟုတ်ဘူးဗျ .. ထိုင်နေတာ နဲနဲကြာသွားလို့ အကြောတွေ လျော့လိုက်တာပါ ..
အကြောတွေတင်းနေရင် အာရုံကြောတွေပါ ထိုင်းမှိုင်းလာတာဗျ .. အဲဒါဆိုရင်
ဦးနှောက်ကို အလုပ်လုပ်ခိုင်းလို့ မကောင်းဘူးဗျ .. ကျုပ်တို့ အလုပ်တွေက
ဦးနှောက်နဲ့ လုပ်စားရတာဆိုတော့ အကြောအချင်တွေ လျော့နေဖို့ အရေးကြီးတယ် ..“
ဟု ဖြေလိုက်လေ၏။ ကျွန်ုပ်လဲ ကိုမင်းမောင်၏ စကားကို များစွာသဘောကျကာ အချိန်
နဲနဲရရင်တော့ အကြောအချင်တွေ လျှော့ရအောင် ဦးကိုကိုကြီးကို အဖော်စပ်ကာ
အနှိပ်ခန်း သွားရင်ကောင်းမလား မသိဘူးဟု စဉ်းစားမိ၏။ ထိုအချိန်တွင်
ကိုမင်းမောင်ကပင်..
“ဘာတွေလုပ်နေတာလဲ ဆိုတာကတော့ .. ဒီပုံလေး
လုပ်နေလို့ဗျ“ ဟု ဆိုကာ ခုနသူထိုင်နေသည့် နေရာနားက စားပွဲပေါ်တွင်
တင်ထားသည့် လျှောက်လွှာစာရွက်အရွယ် စက္ကူကားချပ်တစ်ခုကို လက်ညိုးညွှန်ပြလေ၏။
ကျွန်ုပ်လဲ ပုံကို မြင်သည်နှင့် အံ့အားသင့်သွား၏။
“ကိုမင်းမောင် … ဒါ နှင်းဆီပုံမှတ်လားဗျ . .ခင်ဗျား ဆွဲထားတာလား .တူလှချည်လား.“ ဟု အနားသို့လျှောက်လာရင်း မေးမိရာ ကိုမင်းမောင်က
“ကျုပ်လုပ်ထားတာတော့တယ်
ဟုတ်တယ်ဗျ .. ဒါပေမယ့် ဆွဲထားတာ မဟုတ်ဘူးဗျ .. အိုင်ပီ သေချာကြည့်ရင်
သိမှာပါ ..“ ဟု ပြောလေရာ ကျွန်ုပ်လဲ ငုံ့၍ သေချာကြည့်မိလေရာ နှင်းဆီ၏
မျက်နှာပုံသည် ပန်းချီဆွဲထားခြင်း မဟုတ်ပဲ စက္ကူအပိုင်းအစများကို ကပ်ကာ
ပုံဖော်ထားခြင်း ဖြစ်သည်ကို တွေ့ရ၏။ မျက်လုံး၊ နဖူး ၊ နှာတံ။ ပါးစပ် ၊
မေးစိ အစရှိသည်ဖြင့် မျက်နှာ၏ အင်္ဂါ အစိတ်အပိုင်း အသီးသီးကို သူ့နေရာနှင့်သူ
အံဝင်ခွင်ကျကပ်ကာ ပုံဖော်ထားခြင်း ဖြစ်၏။ ကျွန်ုပ်လဲ ကိုမင်းမောင်ကို
အံ့သြစိတ်နှင့် လှည့်ကြည့်မိရာ ..
“အဲဒါ ..ကျုပ် မန္တလေးရောက်တုန်းက
ပန်းချီတော် ဆရာချုံရဲ့ တပည့် ဆရာဦးစောဦး ဆိုတဲ့ နာမည်ကြီး
ပန်းချီဆရာတစ်ယောက်ကို အကူအညီတောင်းပြီး လုပ်ထားတာဗျ .. အဲဒီ စားပွဲပေါ်မှာ
တင်ထားတဲ့ ကတ်ထူစာအုပ်ကြီး သုံးအုပ်က မျက်နှာအစိတ်အပိုင်း အမျိုးမျိုးကို
ဆွဲထားတဲ့ ကတ်ပြားလေးတွေကို ထည့်ထားတာဗျ...“ ဟု ကိုမင်းမောင်က
စားပွဲပေါ်တွင် ရှိနေသည့် စာအုပ်ထူကြီးများကို ညွှန်ပြလေရာ ထပ်ထားသည့်
စာအုပ်တွေထဲက အပေါ်ဆုံးစာအုပ်ကို ဖွင့်ကာ ကြည့်မိ၏။ စာရွက်များကို လှန်လှော၍
ကြည့်မိလေရာ မျက်နှာ၏ အစိတ်အပိုင်း အသီးသီးကို ပုံစံအမျိုးမျိုးနှင့်
စနစ်တကျဆွဲကာ စုဆောင်းထားသည်ကို တွေ့ရ၏။
“ဒါ စကော့တလန်က
စုံထောက်အဖွဲ့မှာတောင် မသုံးသေးဘူးဗျ .. ကျုပ်က စဉ်းစားမိပြီး မျက်နှာကို
မှတ်မိတဲ့ တရားခံကို လိုက်လို့ ရအောင် လုပ်ထားတာ .. လူတွေရဲ့
မျက်စိအမျိုးမျိုး ၊ နားရွက်အမျိုးမျိုးကစပြီး မျက်နှာပေါ်မှာ ရှိတဲ့
အင်္ဂါအစိတ်အပိုင်းမှန်သမျှ ဒီမှာ ဆွဲထားတာ .. အဲဒါလေးတွေကို အသုံးပြုပြီး
နှင်းဆီပုံကို စက္ကူမှာကတ်ပြီး ပုံဖော်ထားတာဗျ ..“ ဟု ရှင်းပြလေရာ
ကျွန်ုပ်မှာ ကိုမင်းမောင်၏ နည်းပညာကို သဘောအကျကြီး ကျလျက်ရှိတော့၏။
ထို့နောက် ကျွန်ုပ်က..
“အိုင်ဆေး … နှင်းဆီပုံကို ရတာတော့ ဟုတ်ပါပြီ ..
ဒီဟာကို ဘာလုပ်မှာလဲဗျ .. ဂါတ်တဲတွေ ပို့ပြီး ရှာခိုင်းမှာလား .. “ ဟု
မေးလိုက်ရာ ကိုမင်းမောင်က ..
“အဲဒါက နောက်မှလုပ်တော့မယ်ဗျာ ..
လောလောဆယ်တော့ ပုလိပ်အဖွဲ့ထက် ပိုသွက်တဲ့ ကျုပ်ရဲ့  စုံထောက်အဖွဲ့ကို
အရင်ပြပြီး ခိုင်းရဦးမယ်ဗျာ ..“ ဟု ပြောလိုက်ရာ ကျွန်ုပ်မှာ ကိုမင်းမောင်၏
စကားကို နားမရှင်း ဖြစ်သွားလေ၏။ “ဘယ်က စုံထောက်အဖွဲ့လဲ “ ဟု မေးမိမည်
အပြုတွင် ကိုမင်းမောင်က ..
“ဟော .. အိုင်ပီရေ .. ပြောရင်းဆိုရင်း
ကျုပ်ရဲ့  စုံထောက်အဖွဲ့လာပါပြီ “ ဟု ပြောလေ၏။ ကိုမင်းမောင် စကားနှင့်
မရှေးမနှောင်းပင် လှေကားတလျှောက် တဒုန်းဒုန်း တဒိုင်းဒိုင်း
တက်လာသံများကြားလိုက်ရပြီး ခနအကြာတွင် အခန်းပေါက်ဝကနေ
အ၀တ်အစားအဟောင်းအနွမ်းများကို ၀တ်ဆင်ထားသည် အသက်ဆယ်နှစ် ပတ်ဝန်းကျင်အရွယ်
ကလေးသူငယ်များ တန်းစီဝင်လာသည်ကို တွေ့ရလေ၏။ ရှေ့ ဆုံးမှ ဦးဆောင်ကာ
ဝင်လာသည့် ကလေးသည် ကိုမင်းမောင်ရှိရာသို့ အရင်ရောက်လာပြီးနောက် ဧည့်ခန်း၏
ဘေးဘက်အစွန်တွင် ပုလိပ်သားများ ဒရိမ်းပြသလို ခြေထောက်နှစ်ဖက်ကို ဆောင့်ကာ
ရပ်၏။ လက်နှစ်ဖက်ကိုလဲ နောက်ကို ယှက်ကာပြစ်ထားလိုက်၏။ ကျန်သည့် ကလေးများကလဲ
အဆိုပါ ကလေး၏ ပုံစံအတိုင်း ဘေးချင်းယှဉ်ကာ တန်းစီရပ်ရင်း လက်နှစ်ဖက်ကို
နောက်ပြစ်ထားကြ၏။ ယောက်ျားလေးများက ရှစ်ယောက်ဖြစ်ကာ မိန်းကလေးက
သုံးယောက်ပါဝင်သည်ကို တွေ့ရ၏။ ကလေးများ တန်းစီရပ်ပြီးသည်နှင့်
ကိုမင်းမောင်က ရှေ့ဆုံးက ၀င်လာသည့် ကလေးဘက်လှည့်ကာ ..
“ဟေ့ ရန်အောင်မြင် … လှထိပ်ခေါင် မတွေ့ပါလား .. “ ဟု မေးလိုက်ရာ ရန်အောင်မြင်ဆိုသည့် သူငယ်သည်..
“လှထိပ်ခေါင်
ဝမ်းသွားနေလို့ ဒီနေ့ အလုပ်မလုပ်ဘူး ဦးဦးဆရာ … နောက်ပြီးတော့
ကျော်ဇော်ထွန်းလဲ သူ့အဖေနဲ့ မိလ္လာကျင်းတူးဖို့ လိုက်သွားလို့ မလာနိုင်ဘူး
…“ ဟု သွက်သွက်လက်လက် ဖြေလိုက်လေ၏။ ဆားပုလင်းမင်းမောင်သည် ရန်အောင်မြင်၏
အဖြေကြားသည်နှင့် ..
“အေး အေး … ဒါဆိုရင်တော့ မင်းတို့ကိုပဲ
ခိုင်းရတော့မှာပဲ .. ဟောဒီက စက္ကူပုံပေါ်က အမျိုးသမီးမျက်နှာကို သေချာကြည့်
..“ ဟု ဆိုကာ စားပွဲပေါ်တွင် တင်ထားသည့် နှင်းဆီ၏ ပုံကို ယူကာ
ရန်အောင်မြင်ဆိုသည့် သူငယ်လေး၏ လက်ထဲသို့ ထည့်လိုက်လေ၏။ ရန်အောင်မြင်သည်
ပုံကိုသေချာကြည့်၏။ ထို့နောက် နံဘေးက ယောက်ျားလေးတစ်ဦးဆီသို့
လက်ဆင့်ကမ်း၏။ ထို့နည်းဖြင့် နှင်းဆီ၏ ပုံသည် သူငယ်လေးများ၏ လက်မှတဆင့်
နောက်ဆုံးဆားပုလင်းမင်းမောင်ဆီသို့ ပြန်ရောက်လာ၏။ ထိုအခါ
ရန်အောင်မြင်ဆိုသည့် သူငယ်လေးကပင် စ၍ ..
“ဦးဦးဆရာ .. ကျနော်တို့ သူ့ကို ဘယ်နေရာတွေမှာ အဓိက ရှာရမှာလဲ ..“ ဟု မေးလေရာ ကိုမင်းမောင်က ..
“အဓိကနေရာတွေကတော့
ဈေးကြီးတွေ ..မြို့လယ်ခေါင်နဲ့ .. ကားဂိတ် .. ရထားဂိတ်တွေမှာ ရှာပေတော့
.. ရန်အောင်မြင် .. နောက်ပြီး ..အဖွဲ့လဲခွဲရှာလိုက် … ဆုလာဘ်ရည်တို့ကတော့
မိန်းကလေးတွေဆိုတော့ ရထားဂိတ် ကားဂိတ် လောက်မှာပဲ ရှာနော်.. ကျန်တဲ့
ယောက်ျားလေးတွေကတော့ မြို့ထဲနေရာစုံသာရှာ .. နောက်ဆုံးတွေ့ခဲ့တာ
တရုတ်တန်းဘက်မှာ .. “ ဟု နှင်းဆီကို ရှာရမည့် နေရာများကို ရှင်းပြလေ၏။
ကျွန်ုပ်မှာ ကိုမင်းမောင်က ကလေးငယ်များကို ခေါ်ယူသည့် အမည်နာမများကို
အကြားတွင် အနည်းငယ် အံ့အားသင့်မိ၏။ ကလေးငယ်များ၏ နာမည်တွေသည် ကျွန်ုပ်တို့
ခေတ်တွင် အပျံစားဟု သတ်မှတ်ရမည့် နာမည်များ ဖြစ်ကြ၏။ ထို့နောက်
ကလေးငယ်များသည် ဆားပုလင်းမင်းမောင်ကို နှုတ်ဆက်ကာ စနစ်တကျ အိမ်ပေါ်ကနေ
အသီးသီး ဆင်းသွားကြ၏။ ထိုအခါမှ ကျွန်ုပ်က ကိုမင်းမောင်နားကပ်ကာ ..
“အိုင်ဆေး
…ခင်ဗျားရဲ့ စုံထောက်အဖွဲ့ကလဲ လမ်းတကာလျှောက်သွားနေတဲ့ ကလေးတွေ မှတ်လား ..
နောက်ပြီး နာမည်တွေကလဲ အပျံစားပါလား .. သူတို့ အဖေအမေတွေ ပေးထားတာရော
ဟုတ်ရဲ့လား …“ ဟု မနေနိုင် မထိုင်နိုင်မေးမိရာ ကိုမင်းမောင်က ..
“ဟုတ်တယ်ဗျ
.. အိုင်ပီ .. ကလေးတွေဆိုပြီး အထင်မသေးနဲ့ဗျ .. သူတို့က ပလပ်စတစ်ကောက်
အမှိုက်ကောက်ရင်း လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြား နေရတာတကာ ရောက်နေတာ
..နောက်ပြီးတော့ ကလေးတွေ ဆိုတော့ ဘယ်သူမှလဲ သူတို့ကို သိပ်ဂရုစိုက်ကျတာ
မဟုတ်ဘူး …အရပ်ဝတ်နဲ့ ပုလိပ်သားတွေ လူရှာတာထက်
ပိုထိရောက်တယ်…တော်ယုံတန်ယုံလူပျောက်လောက်ကတော့ ရန်ကုန်မြို့အတွင်း
ကောင်းကောင်းကြီး ရှာပေးနိုင်တယ်ဗျ...“ ဟု ရှင်းပြလေ၏။ ထို့နောက်
တဆက်တည်းပင် ကိုမင်းမောင်က ..
“နာမည်တွေကတော့ ..ကျုပ်ပေးထားတာဗျ ..
သူတို့ရဲ့ ဘ၀လေးတွေက ဆင်းရဲရတဲ့ကြားထဲ .. အဖေအမေတွေက ဖြစ်သလို ပေးထားတဲ့
.. ငပေါက်စတို့ ၊ မိညှက်တို့ဆိုတဲ့ နာမည်တွေ မခေါ်ရက်ဘူးဗျာ .. လူနေချုံကြား
စိတ်နေဘုံဖျားဖြစ်အောင် .. ကျုပ်ကိုယ်တိုင် နာမည် လှလှလေးတွေ
ရွေးပြီးပေးထားတာဗျ ..“ ဟု ပြောလေရာ ကျွန်ုပ်လဲ ကိုမင်းမောင်၏ စကားကို
ကျေကျေနပ်နပ်ကြီးပင် ခေါင်းညိတ်ကာ ထောက်ခံမိလေတော့၏။
---------------
ကျွန်ုပ်နှင့်
ကိုမင်းမောင်သည် အိမ်ခါးပန်းတွင် ရပ်ကာ ကလေးများကို ကြည့်နေခိုက်
လူတစ်ယောက်သည် စာအိတ်လေးတစ်အိတ်ကိုင်ကာ ဟိုကြည့်ဒီကြည့်နှင့်
ကျွန်ုပ်တို့ဘက် လျှောက်လာသည်ကို တွေ့ရ၏။ ကျွန်ုပ်နှင့်
ကိုမင်းမောင်ရပ်နေသည်ကို တွေ့သည်နှင့် “ဆားပုလင်းမင်းမောင်အိမ်ဆိုတာ
ဒီအိမ်လားဗျ“ ဟု လှမ်းမေးလေရာ ကိုမင်းမောင်က ၎င်း၏ အောင်မြင်လှသည့်
အသံနှင့်ပင် …
“ဒီအိမ်ပါပဲဗျ .. ကြေးနန်းရုံးကထင်တယ် ..
ဆားပုလင်းမင်းမောင်ဆိုတာ ကျုပ်ပဲ..“ ဟု ပြန်ကာ ပြောလေရာ အဆိုပါ လူသည်
ကျွန်ုပ်တို့ရှိရာသို့ တန်းတန်းမတ်မတ်လျှောက်လာပြီး ကိုမင်းမောင်လက်သို့
ပါလာသည့် စာအိတ်ကိုပေးလေ၏။
“ကိုမင်းဦးပေးခိုင်းလိုက်တာဗျ .. ကျွန်တော်က
ဟိုဘက်နှစ်လမ်းကျော်မှာနေတာ .. မနေ့ကတည်းက လာပေးမလို့ပဲ .. ညဘက်ကြီး
အိမ်မရှာချင်တာနဲ့ အခုမနက်ကျမှ လာပေးဖြစ်တာ .. မော်လမြိုင်ကပို့လိုက်တဲ့
ကြေးနန်းလို့ ပြောတာပဲ..“ ဟု ပြောဆိုကာ ကျွန်ုပ်တို့ကို နှုတ်ဆက်၍
ပြန်သွားလေ၏။ ကိုမင်းမောင်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီးနောက် စာအိတ်ထဲက
ကြေးနန်းစာကို ဖောက်ကာ သေချာဖတ်၏။ ကြေးနန်းဖတ်နေရင်းနှင့်လဲ ၎င်းသည်
ခေါင်းတညိတ်ညိတ်ဖြစ်၍နေလေ၏။ ထို့နောက် ကျွန်ုပ်ဘက်လှည့်ကာ ..
“အိုင်ပီရေ
..ကျုပ်တော့ မော်လမြိုင်ဘက် သွားလိုက်ဦးမယ်ဗျာ .. ဒီအချိန် စာပို့ရထား
ရှိဦးမယ်ထင်တယ် .. သဲလွန်စကပေးတော့ အဲဒီနောက် လိုက်ရမှာပဲ ..“ ဟု
ဆိုင်းမဆင့် ဗုံမဆင့် ပြောလေ၏။ ကျွန်ုပ်လဲ ကိုမင်းမောင်ကို အကျိုးအကြောင်း
မေးမည် အပြုတွင် အိမ်ရှေ့၌ စီအိုင်ဒီရုံးက ပေးထားသည့် အောစတင်ကားစုတ်လေး
ထိုးရပ်သည်ကို တွေ့ရ၏။ ဦးကိုကိုကြီးသည် ကားပေါ်ကနေ အူရားဖားယားဆင်းကာ
အိမ်ဘက်သို့ အပြေးတစ်ပိုင်း လျှောက်လာလေ၏။ အိမ်ပေါ်မရောက်ခင်ပင် ၎င်း၏
အသံဗြဲကြီးနှင့် “ကိုမင်းမောင်ရေ .. ကိုမင်းမောင်ရေ..“ ဟု အော်ခေါ်ပြီး
တက်လာလေရာ ကျွန်ုပ်မှာ အစောပိုင်းက ကိုမင်းမောင်၏
နှိုင်းယှဉ်သုံးသပ်ထားမှုကို ပြန်တွေးမိကာ ပြုံးတောင် ပြုံးမိသေး၏။
“အိုင်ပီ
ဦးအောင်သိန်းလဲ ရောက်နေတာကို .. ကိုမင်းမောင်ရေ
ပြောရဦးမယ်ဗျ…ရွှေသွားတော့ တရားခံမိပြီး ဆိုပြီး လုပ်နေပြီ… ကျုပ်လဲ
အဲဒါပြောပြချင်တာနဲ့ ..ဒီကို ထွက်လာခဲ့တာပဲ ..“ ဟု ဦးကိုကိုကြီးသည်
ခရီးရောက်မဆိုက် အမောတကောနှင့် ပြောလေရာ ကိုမင်းမောင်သည်
နံရံတွင်ထောင်ထားသည့် ကချင်လွယ်အိတ်ကို ဖြုတ်နေရင်းမှ ..
“ရာဂျူး မိန်းမ
.. မိစံပယ်ဆိုတဲ့ တစ်ယောက်ကို ဖမ်းလာတာ မှတ်လားဗျ ..“ ဟု မေးလိုက်ရာ
ဦးကိုကိုကြီးသည် ပါးစပ်ကြီးအဟောင်းသားဖြစ်ကာ မျက်လုံးပြူးသွားလေ၏။ ၎င်းသည်
ကိုမင်းမောင်ကို တစ္ဆေသရဲနှင့်တွေ့သည်နှယ် စိုက်ကြည့်နေရင်း
စကားအထစ်ငေါ့ငေါ့ဖြင့် ..
“ကို .. ကိုမင်းမောင် .. ခင် .. ခင်ဗျားက ..
သိနေတာလားဗျ .. အဲဒါဆိုလဲ ဟိုတစ်ခါကတည်းက ဖမ်းလိုက်တာ မဟုတ်ဘူး
..အခုတော့ဗျာ…“ ဟု အားမလိုအားမရသံတစ်ဝက် အပြစ်တင်သံတစ်ဝက်နှင့် ပြောလေရာ
ကိုမင်းမောင်သည် သူ၏ သက္ကလပ်ကုတ်အင်္ကျီကို ခြုံဝတ်နေရာမှ ..
“အဲဒီ မိန်းမက
တရားခံ မဟုတ်ပါဘူးဗျာ .. ဦးကိုကိုကြီးကလဲ … ကိုအောင်မြင့်တို့က
နာမည်ထဲမှာ စံပယ်ပါတာနဲ့  ဖမ်းလိုက်တာပါ .. ဒီလိုသာ လုပ်ကြကြေးဆို
ရန်ကုန်မြို့က ဂါတ်တွေမှာ စံပယ်ပါတဲ့သူတွေ ၊ စံပယ်ပန်းရောင်းတဲ့သူတွေနဲ့
ပြည့်နေတော့မှာပေါ့ …ဒီလူတွေကြောင့်တော့ ခက်တော့တာပဲ..“ ဟု
ညည်းညည်းတွားတွားပြောရင်း
“ကဲ . .အိုင်ပီပဲ စီအိုင်ဒီ အမှုစစ်တဲ့နေရာ
လိုက်သွားပြီး.. ကိုအောင်မြင့်တို့ မဟုတ်တာတွေ လျှောက်မလုပ်ရအောင် ..
စစ်ချက်ယူတဲ့နေရာမှာ .. သွားကြည့်ပေးစမ်းပါဗျာ ..
ခင်ဗျားတစ်ယောက်တည်းသွားရင် ကိုအောင်မြင့်တို့က ကြည်မှာ မဟုတ်ဘူး .. သူတို့
အလုပ်ကို လာရှုပ်တယ် ဖြစ်နေဦးမယ်… ဒီတော့ ကျုပ်မိတ်ဆွေ
ဝတ်လုံတော်ရလုပ်နေတဲ့ ဒေါ်ချိုချိုအေးဆိုတာ ရှိတယ် .. သူက မတရားခံရတဲ့
တရားခံတွေဘက်က လိုက်ကြည့်ပေးနေကျဗျ .. ကျုပ်လိပ်စာရေးပေးလိုက်မယ် .. အဲဒါ
သူ့ကို ပြောပြီး .. အကူအညီတောင်းလိုက်ဗျာ .. အဲဒါဆို ကိုအောင်မြင့်တို့လဲ
အကြမ်းကိုင်တာတွေ ဘာတွေလုပ်မယ် မထင်တော့ဘူး .. တော်ကြာနေ ဒီလူတွေ ဖင်ခံရမှာ
စိုးတာနဲ့ ဟိုအမျိုးသမီးကို နှိပ်စက်နေကြဦးမယ် .. ပက်ပလစ်(Public) က
သိရင် ကျုပ်တို့ စုံထောက်အဖွဲ့ နာမည်ပျက်နေမယ်ဗျ ..“ ဟု ရှင်းပြရင်း
စားပွဲပေါ်တွင် ရှိနေသည့် စာရွက်အပိုင်းလေးနှင့် လိပ်စာတစ်ခုကို ရေးပေးလေ၏။
ထို့နောက်
ကိုမင်းမောင်သည် သတင်းလာပေးသည့် ဦးကိုကိုကြီးကို ချောဆွဲကာ
ရန်ကုန်ဘူတာကြီးသို့ ထွက်သွားလေ၏။ ကျွန်ုပ်လဲ ကိုမင်းမောင်မှာသည့်အတိုင်း
ထူးထူးဆန်းဆန်း အမျိုးသမီး ၀တ်လုံတော်ရဆိုသည့် ဒေါ်ချိုချိုအေးနေထိုင်သည့်
ကုက္ကိုင်းဘက်သို့ မဆိုင်းမတွ ထွက်လာခဲ့လေ၏။ ကျွန်ုပ်၏ စိတ်တွင်
ဝတ်လုံတော်ရတောင် ဖြစ်နေပြီ ဖြစ်သည့် ဒေါ်ချိုချိုအေးကို
တော်တော်အသက်ကြီးမည့် အဖွားကြီး ဖြစ်လိမ့်မည်ဟု ထင်သော်လဲ တကယ်တမ်း
တွေ့သည့်အခါ တက်တက်စင်အောင်ပင် လွဲကြောင်း သိလိုက်ရ၏။
အတန်ငယ်
ကျယ်ဝန်းသည့် ဧည့်ခန်းထဲတွင် ထိုင်ကာ အိမ်ဖော်အမျိုးသမီး လာချပေးသည့်
အအေးခွက်ကို သောက်ကာ ကျီးကြည့်ကြောင်ကြည့်နှင့် ငေးနေသည့် ကျွန်ုပ်၏
မျက်လုံးသည် ကြောင်လိမ်လှေကားကနေ ဆင်းလာသည့် တဒေါက်ဒေါက်
ဒေါက်ဖိနပ်သံအကြားတွင် ခေါင်းကိုစောင်း၍ ကြည့်မိရာ လည်ပင်းပင်
ပြန်မတည့်နိုင်လောက်အောင် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးကို
တွေ့လိုက်ရလေ၏။ ကြက်ကြီးလည်လိမ်ထားသလို ဖြစ်နေမှာ စိုးသဖြင့် ဆိုဖာပေါ်မှထကာ
မတ်တပ်ရပ်ရင်း သူမဆင်းလာသည်ကို စောင့်ကြိုနေမိ၏။ ဆင်မယဉ်သာ ခြေလှမ်းနှင့်
ဆင်းလာသည့် အမျိုးသမီးသည် ယောထဘီအနက်လေးနှင့် အပေါ်ဘက်တွင်
ပဒုမ္မာပိတ်ပါးအင်္ကျီကိုဝတ်ဆင်ထား၏။ ပိတ်ပါးအင်္ကျီက မှန်စလို ကြည်လင်နေရာ
အောက်ခံဇာဘော်လီ အနက်က အတိုင်းသား ပေါ်လွင်နေ၏။ အမျိုးသမီးသည်
ကျွန်ုပ်ဆီသို့ပင် တန်းတန်းမတ်မတ်လျှောက်လာကာ ပြုံး၍ နှုတ်ဆက်လေ၏။
“ကိုအောင်သိန်းဆိုတာထင်တယ်
.. ကျွန်မ ချိုချိုအေးပါ … ဆားပုလင်းမင်းမောင်ရဲ့ မိတ်ဆွေဆိုတော့လဲ ကျွန်မ
မိတ်ဆွေပါပဲ .. …ထိုင်ပါရှင် .. ကျွန်မ ဘာကူညီရမလဲ ဆိုတာကို ပြောပါ ..“ ဟု
ယဉ်ယဉ်ကျေးကျေး ဆိုကာ ကျွန်ုပ်ကို ပြန်ထိုင်ရန် လက်ပြရင်း သူမကိုယ်တိုင်
ကျွန်ုပ်နှင့် မျက်နှာချင်းဆိုင် ဆိုဖာခုံတစ်လုံးတွင်
အစွင့်သားဝင်ထိုင်လေ၏။ ကျွန်ုပ်လဲ အသက်ကို ခန့်မှန်းလို့မရအောင်
နန်းဆန်ဆန်ချောမောလှသည့် ဒေါ်ချိုချိုအေး၏ တကိုယ်လုံးကို
သိမ်းကျုံးကြည့်မိကာ ရုတ်တရက် စကားတောင် မပြန်နိုင်ဖြစ်၏။ အထူးသဖြင့်
ကျွန်ုပ်၏ မျက်စိကို ဆွဲဆောင်ထားသည်ကတော့ ပဲခူးရိုးမနှင့် ရခိုင်ရိုးမသဖွယ်
ငွားငွားစွင့်စွင့် မောက်မို့နေသည့် ဒေါ်ချိုချိုအေး၏ ရင်နှစ်မွှာပင် ဖြစ်၏။
သူမ၏ စနေနှစ်ခိုင်က ကုလားဖြူစကားတွင် ရှိသည့် prominent ဆိုသည့်
နာမ၀ိသေသနနှင့် တင်စားဆိုရလောက်အောင် သူမ၏ တကိုယ်လုံးတွင် ပေါ်ပေါ်လွင်လွင်
ရှိလှပေ၏။
“အဟမ်း .. အဟမ်း ..“
ကျွန်ုပ်လဲ ဒေါ်ချိုချိုအေးထံမှ ချောင်းဟန့်သံကြားမှ မိမိ အိနြေ္ဒပျက်ကာ ငေးနေမိသည့် အဖြစ်ကို သတိရကာ ကမန်းကတန်း စကားဆိုမိ၏။
“ဟို
.. ဟို .. ကို. .မင်းမောင်က .. ဒေါ်ချိုချိုအေး ဆီမှာ
အကူအညီတောင်းခိုင်းလိုက်လို့ပါ … တရားခံမဟုတ်ပေမယ့် စီအိုင်ဒီက
စုံထောက်တစ်ယောက်က တရားခံလို့ ထင်ထားပြီး အမျိုးသမီး တစ်ဦးကို ဖမ်းထားတဲ့
ကိစ္စအတွက်ပါ ..“ ဟု အစချီကာ ရာဂျူးမိန်းမ မိစံပယ် အကြောင်းကို ရှင်းပြရလေ၏။
ဒေါ်ချိုချိုအေးသည် ကျွန်ုပ်၏ ပြောပြချက်ကို သေချာ စိတ်ရှည်ရှည်နဲ့
နားထောင်နေလေ၏။ သူမ၏ ထူးခြားချက်မှာ ကျွန်ုပ် စကားပြောနေစဉ်တွင်
မျက်နှာမလွှဲပဲ စိုက်ကြည့်နေခြင်းဖြစ်၏။ ထို့ကြောင့်ပင် ကျွန်ုပ်၏မျက်စိမှာ
ခပ်ဟိုက်ဟိုက်ဖြစ်နေသည့် အနက်ရောင်ဇာဘော်လီကြားက သူမ၏ အရှေ့အလယ်ပိုင်း
ရပ်ဝန်းကို အလည်အပတ်မသွားနိုင်တော့ပဲ အဲဒီအစား မိတ်ကပ်ပါးပါးလေး
လိမ်းထားသည်ဟု ထင်ရသည့် ဖြူစင်ဝင်းမွတ်နေသည့် မျက်နှာလေးကိုကြည့်ကာနေရ၏။
ကျွန်ုပ်တို့ မြန်မာစကားတွင် မိန်းမတစ်ယောက် လှမလှကို မြင်းတပြေးအလှ ၊
ကွမ်းတယာညက်အလှဟု တင်စားကျရာ ဒေါ်တပ်ခေါ်ပေမယ့်
အသက်သုံးဆယ်ကျော်ပတ်ဝန်းကျင်လောက်ပဲ ရှိမည်ဟုထင်ရသည့် ဒေါ်ချိုချိုအေး၏
အလှကတော့ ကွမ်းတောင်းတစ်တောင်း ကုန်အောင်ပင် အကြည့်ခံသည့် အလှဟု
ဆိုချင်တော့၏။ စိတ်ထဲကလဲ ကိုမင်းမောင်က ဦးကိုကိုကြီးကို မခိုင်းပဲ
ကျွန်ုပ်ကို ဒေါ်ချိုချိုအေးဆီသို့ လွှတ်လိုက်ခြင်းကို ကျိတ်ကာ
ကျေးဇူးတင်မိလေ၏။ ကျွန်ုပ်၏ ရှင်းလင်းပြမှု အပြီးတွင် ဒေါ်ချိုချိုအေးသည်
တင်ပါးလွှဲထိုင်နေရာမှ ချိတ်ထားသည့် ပေါင်တံကို ဖြုတ်ကာ နေရာမှထ၏။
ယင်းသို့အပြု၌ စနေနှစ်ခိုင်က လည်ဟိုက်ဇာဘော်လီထဲမှ ဆတ်ခနဲတောင်
ရုန်းထွက်သည်ကို ကျွန်ုပ်က သားကောင်ကိုချောင်းနေသော မုဆိုးမို့ ဖြတ်ခနဲ
မြင်ဖြစ်အောင် မြင်လိုက်သေး၏။
“ကိုအောင်သိန်း .. ဒါဆို .. ကျွန်မတို့
အခုပဲ လိုက်သွားကြရအောင် .. တော်ကြာနေ ကိုမင်းမောင် စိတ်ပူသလို
အကြမ်းဖက်မေးတာတွေ ဘာတွေဖြစ်နေဦးမယ် … ကိုအောင်သိန်း ကားပါလာတယ် ထင်တယ်
..“ ဟု ခြံပေါက်ဝကို ကြည့်ရင်း မေးလေရာ ကျွန်ုပ်လဲ ထိုင်နေရာမှ ထ၍ ..
“ပါပါတယ်
.. ဒေါ်ချိုချိုအေး .. ဒေါ်ချိုချိုအေး အဆင်သင့် ဖြစ်ရင် သွားလို့ရပါတယ် ..
“ဟု ဖြေမိလေရာ သူမသည် နာမည်နှင့်လိုက်အောင် ချိုမြသည့် အပြုံးလေးနှင့် ..
“သွားကြတာပေါ့
.. ကိုအောင်သိန်းရယ် .. ဒါနဲ့ ကျွန်မကို ချိုချိုလို့ပဲ ရင်းရင်းနှီးနှီး
ခေါ်ပါလား .. ဒေါ်တပ်ခေါ်တာ တစ်ခါခေါ်ခံရတိုင်း ကျွန်မက သင်္ချိုင်းကုန်းနဲ့
တစ်လှမ်းပိုနီးသွားတယ်လို့ ခံစားနေရလို့ပါ .. အ ဟင်း … အဟင်း .. “ ဟု
နောက်ပြောင်ကာ ပြောလိုက်လေ၏။ ကျွန်ုပ်လဲ သူမက ကိုယ်ကလေးလှုပ်ကာ
ရယ်မောနေမှုကြောင့် သွားဖြူတန်းလေးပေါ်နေသည့် မျက်နှာကို မငေးကြည့်မိဖြစ်ပဲ
အပေါ်အောက်လှုပ်ခါသွားသည့် သူမ၏ ရင်သားများကို သတိထားနေသည့် ကြားက
ကွက်ကြည့်ကွက်ကြည့် ဖြစ်သွားကာ “ငါတော့ .. ဒီအတိုင်းဆို စီအိုင်ဒီကို
ကားရှင်းတဲ့ လမ်းကနေ မောင်းရင် ကောင်းမယ် .. တော်ကြာနေ သူမပြောသလို
သင်္ချိုင်းကုန်းကို တစ်လှမ်းမကနီးပြီး ဒီနေ့ပဲ ရောက်သွားနေဦးမယ် “ ဟု
စဉ်းစားကာ စိတ်ကိုဖြတ်၍ ရှေ့ကနေ ဦးဆောင်ထွက်လာမိတော့လေ၏။
----------------------------
No comments:
Post a Comment